နမ့်စန်(တ) ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးအတွက် မြန်မာစာဘာသာရပ် ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာစစ်ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်ဖြေဆိုယှဉ်ပြိုင်နေမှုကို မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူရည်ချွန်ရွေးချယ်ရေး မြန်မာစာဘာသာရပ်ကို မြို့နယ်အတွင်းရှိ အ.ထ.က၊ အ.ထ.က(ခွဲ)၊ အ.လ.က(ခွဲ)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း (၉)ကျောင်းရှိ Grade-9 ၊ Grade-10၊ Grade-11နှင့် Grade-12 တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူရည်ချွန်ရွေးချယ်ရေး အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင်လည်းကောင်း၊ သင်္ချာဘာသာရပ်၊ အထွေထွေဗဟုသုတဖြေဆိုခြင်းနှင့် နှုတ်ဖြေစာမေးပွဲတို့ကို ဒီဇင်ဘာလ ၄ ရက်နေ့တွင်လည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)