နမ့်စန်မြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နမ့်စန်(တ) ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်)တွင် ကျင်းပခဲ့ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊  အရှေ့ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)မှ ကျောင်းသားကျောင်းသူများက “မြန်မာပြည်မှာ စာပဒေသာ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ လှူဒါန်းသောစာအုပ်များကို မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသန်းစိန်က ပေးအပ်လှူဒါန်းရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က လက်ခံရယူခဲ့သည်။

ထို့နောက် ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ပထမဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများက အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဖျော်ဖြေတင်ဆက်ခဲ့သည့် အကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)