ကျိုင်းတုံမြို့၌ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ

ကျိုင်းတုံ ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပညာရေးဝန်ထမ်းများ တွေ့ဆုံပွဲကို ယမန်နေ့က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ပညာရေးကဏ္ဍ ပိုမိုတိုးတက်ရေးဆွေးနွေးမှာကြားပြီး ပြည်နယ်ပညာရေးမှူး ဒေါ်နော်ရုသ်နှင့် ဆရာ၊ ဆရာမများက ဒေသအတွင်းပညာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ အ.ထ.ကခွဲ မိုင်းဇင်း၊ အ.ထ.ကခွဲ နောင်ဆာ၊ အ.ထ.က-၄ ကျောင်းများတွင် တည်ဆောက်လျက်ရှိသည့် ကျောင်းဆောင်အသစ်များအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးသည် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူ့ကျန်းမာရေး ဆောက်ရှောက်မှုလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ပေးသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆေးဝါး၊ ဆေးရုံအဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စသည့် ပြည်သူ့ကျန်းမာဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတိုးမောင်က ဆေးရုံလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးသည် လွိုင်မွေတိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်သူ့ကျန်းမာဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)