နမ့်စန်(တ) နိုဝင်ဘာ ၃
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင်ကျင်းပခဲ့ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ၊ ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့် ခရိုင်ပညာရေးမှူး ဦးကျော်နိုင်သွင်တို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)သရဖီခန်းမတွင် ကျင်းပရာ အမှတ်(၅)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား ကျောင်းသူများက “ပန်းတိုင်းပွင့်စေ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က အဖွင့်အမှာစကားပြော ကြား၍ လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)မှ ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် တာဝန်ရှိသူများက ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် တာဝန်ရှိသူများက ကာယ အားကစားလှုပ်ရှားမှုပြိုင်ပွဲအမျိုးမျိုးတွင် ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ ကျောင်းသားကျောင်းသူများ အရုပ်ဆက်၊ ဆေးရောင်ခြယ်ခြင်းနှင့် သုတ/ရသ စာအုပ်များ ဖတ်ရှုလေ့လာနေမှုကိုလည်းကောင်း၊ စာအုပ်အရောင်းဆိုင်များနှင့် စတုဒီသာအလှူမဏ္ဍပ်များကိုလည်းကောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ၏ ပြခန်းများကိုလည်းကောင်း၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ကျောင်းသား၊ ကျောင်းသူများ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် နေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)