နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်၌ လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းပွဲတက်ရောက်၊ “လှ”ချည်မျှင်ထုတ်လုပ်ရေး စက်ရက်ကန်စက်ရုံ၊ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံ၊ ဗိမာန်တည်ဆောက်ရေး၊ ကျောင်းအားကစားကွင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ကြည့်ရှု

တပ်ကုန်း ဒီဇင်ဘာ ၃

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲသို့တက်ရောက်၍ ပျဉ်းမနားမြို့နယ် ပေါစံခေါကျေးရွာမှ သင်တန်းသူသုံးဦးအတွက် စက်ချုပ်လုပ်ငန်းထူထောင်နိုင်ရေး ပေးအပ်သည့် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ကာ အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် ဌာနဆိုင်ရာများနှင့်အတူ ဗိုလ်မင်းရောင်ရပ်ကွက်၊ “လှ” ချည်မျှင်ထုတ်လုပ်ရေး စက်ရက်ကန်စက်ရုံ၊ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံသို့ ရောက်ရှိကြည့်ရှုကာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရေး မှာကြားခဲ့ပြီးနောက် မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တည်ဆောက်ရေးနေရာသို့ရောက်ရှိ၍ မြေသန့်စင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ဗိုလ်မင်းရောင် ရပ်ကွက်တွင် မဲစာရင်းကျန်ရှိမှုများမဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် ဌာနဆိုင်ရာ အသီးသီးပါဝင်သည့် အဖွဲ့ (၅၅)ဖွဲ့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ အောင်ဇေယျရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းအားကစားကွင်း ဖောက်လုပ်နေမှုအား ကြည့်ရှုအားပေးကာ ဗလငါးတန်နှင့်ပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများဖြစ်စေရေး၊ ကျောင်းနှင့် ကျောင်းဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေး ကျောင်းအုပ်ဆရာမကြီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဆွေးနွေးမှာကြားခဲ့ပြီး အောင်ဇေယျရပ်ကွက်နှင့် အနော်ရထာရပ်ကွက် ဆက်သွယ်ထားသည့် အောင်သီဟလမ်းဘေး ဝဲ/ယာ သန့်ရှင်းရေးနှင့် ရေနုတ်မြောင်းကောင်းမွန်ရေး သက်ဆိုင်ရာတာဝန်ရှိသူများအား ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်