မူဆယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

မူဆယ် ဒီဇင်ဘာ ၂             

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ကျောင်းစာကြည့်တိုက်များကို အကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် စာအုပ်စာပေဖတ်ရှုမှု မြင့်မားလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဟောပြောပြီး ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ကာ အ.ထ.က(၃) G-7 မှ မောင်စည်သူဖြိုးက “လူငယ်နှင့်စာပေ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-7 မှ မအိမ့်ချစ်ဦးက “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-7 မှ မရွှေရည်ဖူးပွင့်က “လူငယ်နှင့်ယဉ်ကျေးမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-7 မှ မနဒီဝင့်ရည်က “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-7 မှ မဂျာဆန်အောင်က “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများက မေးမြန်းချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းအပြီးတွင် ပါဝင်ဆွေးနွေးသူများနှင့် မေးမြန်းသူများ၏ ကောက်နုတ်ချက်များကို ဦးဆောင်ဆွေးနွေးသူမှ ပြန်လည်သုံးသပ်ဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)