ပူတာအို ဒီဇင်ဘာ ၂
ကချင်ပြည်နယ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုဖြင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကကြီးမှူး၍ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် လူမှုစီးပွားအကျိုးပြု ဆပ်ပြာပြုလုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာကငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ် လူမှုစီးပွားအမျိုးသမီးလုပ်ငန်းရှင်များအသင်းအဖွဲ့ဥက္ကဋ္ဌ သမိုင်းပညာရှင် ဒေါက်တာခင်စောနွဲ့(ပါမောက္ခငြိမ်း)က ဆပ်ပြာပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် ရာဇာထွန်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာနှင့် တာဝန်ရှိသူများက အခမ်းအနားဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက မီးသတ်ဦးစီးဌာန၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများက မြေငလျင်ဖြစ်ပွားပြီးနောက် ဖြစ်ပွားနိုင်သော မီးဘေးအန္တရာယ်နှင့်သစ်ပင်များပြိုလဲခြင်း၊ တိုက်အဆောက်အအုံများပြိုကျပိတ်မိခြင်းများရှိလာပါက စက်ပစ္စည်းကိရိယာများအသုံးပြု၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပထမအထပ်တွင် ပိတ်မိနေသော လူနာများအား လူနာထမ်းစင်ဖြင့်ကယ်ဆယ်ခြင်း၊ ဒုတိယအထပ်တွင် ပိတ်မိနေသော လူနာများအား မီးသတ်သမားကြိုးချည်နည်းဖြင့်ကယ်ထုတ်ခြင်း၊ အထပ်မြင့်တွင် ပိတ်မိနေသော လူနာများအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက Tri pot စနစ်၊ ဝန်အားလျော့ချနည်း၊ ကြိုးချည် နည်းဖြင့် လူနာအားကယ်ထုတ်ခြင်း၊ ကယ်ထုတ်လာသော လူနာများအား ကူညီကယ်ဆယ်ရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ သရုပ်ပြသဇာတ်တိုက်လေ့ကျင့်မှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ လူမှုစီးပွားအကျိုးပြုဆပ်ပြာပြုလုပ်နည်းသင်တန်းတွင် ကချင်ပြည်နယ် လူမှုစီးပွားအမျိုးသမီးလုပ်ငန်းရှင်များအသင်းအဖွဲ့ အတွင်းရေးမှူး သင်တန်းနည်းပြ ဒေါ်တိုးနီနီက ရွှေအုပ်ဆောင်း ကုမ္ပဏီပရင်းထုတ်ကုန်လုပ်ငန်း၏ ပရင်းအခြေခံကျန်းမာရေး အလှအပ မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်း၊ အသားအရည်နူးညံ့စေသည့် မျက်နှာကျီးချွတ် ဆပ်ပြာပြုလုပ်နည်း၊ ခန္ဓာကိုယ်အတွက် ကျန်းမာရေး ကောင်းမွန်စေသော နူးညံ့ကျီးချွတ်ဆပ်ပြာပြုလုပ်နည်းများကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၀) ဦးအား သင်တန်းကာလတစ်ရက်တာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်