ဒလ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာတို့ ပူးပေါင်းဆောင်ရွက်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်တွင် အံကြီးအနောက်ရပ်ကွက်ရှိ အ.ထ.က (ခွဲ) အ.လ.က (၃) ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ တွံတေးခရိုင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၁၉၉၉ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာကာလအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ (၁) ရက်နေ့ကို ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့ကြောင်းစသည်ဖြင့် အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဦးမျိုးမင်းဟိန်းမှ အမျိုးသမီးများအား ကာကွယ်ရေးဆိုင်ရာ ဥပဒေများအကြောင်း အသိပညာပေးဟောပြောခြင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဒုရဲအုပ် ဦးအောင်အောင်နိုင်မှ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအိအိအောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအကြောင်း အသိပညာပေးဟောပြောခြင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ဒစ်ဂျစ်တယ်အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ထွေးထွေးစံမှ အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ဆန်းစစ်မေးခွန်းများ မေးမြန်းကာ ဖြေကြားပေးသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများကအသီးသီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း အင်အား (၁၀၀) ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
မောင်ရဲရင့်သူ (ပြန်/ဆက်)