အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အာမခံအကာအကွယ်ပေးအပ်ခြင်း သဘောတူညီမှုစာချွန်လွှာအား

ရန်ကုန် ဒီဇင်ဘာ ၂

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ သက်ဆိုင်ရာလေ့ကျင့်ရေးကွင်း/လေ့ကျင့်ရေးရုံများ၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်လျက်ရှိသည့် ပြေးခုန်ပစ်၊ ဝူရှူး၊ ခြင်းလုံး၊ ပန်ကြပ်ဆီလပ်နှင့် မြားပစ်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး‌နောက် အုပ်ချုပ် /နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများရရှိစေရေးအတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအား တစ်‌ဆင့်ပြန်လည်မှာကြားပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲနီးကပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ရန်လိုကြောင်း၊ ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်ပြီး Injury မရရှိအောင် ဂရုစိုက်လေ့ကျင့်ကြရန်လိုကြောင်း၊ ပြိုင်ပွဲသို့သွားရောက်ရာတွင် နှာခေါင်းစည်း Mask များ ယူဆောင်သွားကြရန်နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ရာသီတုပ်ကွေးရောဂါများ မကူးစက်မဖြစ်ပွားစေရေးအတွက် အထူးဂရုစိုက်ကာကွယ်သွားကြစေလိုကြောင်း၊ မိမိတို့၏ လည်ဆွဲကတ်များအား မပျောက်ပျက်စေရန်နှင့် မလိုလားအပ်သည့် ကိစ္စရပ်များ မဖြစ်ပွားအောင် အလေးထားဆောင်ရွက်သွားစေလိုကြောင်း၊ သွား/လာနေထိုင်စားသောက်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်နှင့် ပြိုင်ပွဲယှဉ်ပြိုင်ကစားရာတွင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ရရှိထားသည့် စံချိန်၊ စံညွှန်း၊ စံနှုန်းများအတိုင်း ယှဉ်ပြိုင်ကစားသွားကြရန်လိုကြာင်း၊ နိုင်ငံ့ဂုဏ်ကိုမြင့်တက်စေရန် ကိုယ်နှုတ်အမူအရာ အပြုအမူကောင်းများဖြင့် မျှော်မှန်းထားသည့် ဆုတံဆိပ်များရရှိအောင် နောက်ဆုံးအကြိမ်၊ နောက်ဆုံးစက္ကန့်အထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားစေလိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း အုပ်ချုပ်သူ/နည်းပြများ၏ စီမံကွပ်ကဲမှုများအတိုင်း လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ ရွှေတံဆိပ်များ ဆွတ်ခူးရရှိပါက နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်ခဲ့သော အစဉ်အလာရှိသည့် အားကစားနည်းများဖြစ်သည့်အတွက် အမိနိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူနိုင်ပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆာင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး၊ ဧရာမြန်မာအသက်အာမခံမှ Managing Director တို့နှင့်အတူ ပြည်လမ်းရှိ Novotel Yangon Max Hotel ၌ ကျင်းပပြုလုပ်သည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (33rd SEA Games) တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် အသက်အာမခံအကာအကွယ်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနား၌ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် နိုင်ငံ့ကိုယ်စားပြုမြန်မာ့လက်ရွေးစင်အားကစားသမားများ အမိမြေမှ စတင်ထွက်ခွာသည့်အချိန်မှ စတင်ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် ကာလတစ်လျှောက် အသက်အာမခံကိစ္စနှင့် ပတ်သက်သည့် ကိစ္စများကို တာဝန်ယူဆောင်ရွက်ပေးသည့် ဧရာမြန်မာအသက်အာမခံကုမ္ပဏီအား များစွာကျေးဇူးတင်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ကိုယ်စားပြုမြန်မာ့လက်ရွေးစင်အားကစားသမားများ သွားရောက်ယှဉ်ပြိုင်နေစဉ် ကာလအတွင်း နောက်ဆံမတင်းစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကိုယ်စားပြုတာဝန်ယူ ဆောင်ရွက်ပေးနေမှုများကို သိရှိနားလည်စေလိုကြောင်း၊ ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိလာပါက နိုင်ငံတော်အကြီးအကဲနှင့် ဝန်ကြီးဌာနတို့မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားအောင်မြင်ရေးနှင့် အားကစားသမားများ စိတ်ဓာတ်ခွန်အား အပြည့်အဝရရှိစေရေးအတွက် နိုင်ငံတော်အစိုးရဝန်ကြီးဌာန၊ အဖွဲ့ချုပ်များနှင့် တစ်နိုင်ငံလုံးမှ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးပါက အောင်မြင်မှုများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဧရာမြန်မာအသက်အာမခံမှ Managing Director ဦးကျော်လွင်မြင့်က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် အာမခံအကာအကွယ်ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဧရာမြန်မာအသက်အာမခံမှ Managing Director ဦးကျော်လွင်မြင့်တို့က (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် အာမခံအကာအကွယ်ပေးအပ်ခြင်း သဘောတူညီမှုစာချွန်လွှာအား လက်မှတ်ရေးထိုးပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)