တိုက်ကြီးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဂဝံခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

တိုက်ကြီး ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာမှုအဆင်ပြေချောမွေ့စေရေး ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆိတ်သာကျေးရွာ၌ ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပျဉ်းမကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်းအား ဂဝံခြင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆိတ်သာကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်း အရှည် ၅၈၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၂၀၀၊ စုစုပေါင်း သိန်း ၃၅၀ ဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။

အလားတူ ပျဉ်းမကုန်းကျေးရွာ၌ ကျေးရွာတွင်းမြေသားလမ်းအား ဂဝံလမ်းအရှည် ၁၂၈၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၁၀၀၊ စုစုပေါင်း သိန်း ၂၅၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာ၏ နည်းပညာပံ့ပိုးမှု၊ ကျေးရွာပြည်သူများ၏ လုပ်အားတို့ဖြင့် ဆောင်ရွက်ခဲ့ရာလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)