ရေးမြို့နယ်၌ မဲပေးစက်များထားရှိရာနေရာ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရေး ဒီဇင်ဘာ ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးစက်များထားရှိရာ နေရာနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့၌ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် စစ်ဆေးပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသန်းဌေးအောင်က မဲပေးစက်များ ထားရှိရာ နေရာတို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် မီးသတ်ဆေးဘူးများ အဆင့်သင့်ထားရှိရမည် ဖြစ်ကြောင်း၊ မီးလောင်လွယ်စေသော လောင်စာများ မဲပေးစက်အနီးတွင် ထားရှိခြင်း မပြုကြစေလိုကြောင်းတို့ကို ရှင်းလင်းပေးပြီး တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး စနစ်တကျ ကိုင်တွယ်အသုံးပြုနည်းကို လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ