ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဒဂုံမြောက် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၉) ရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်း၊ အမှတ် (၅) ဈေးတွင် ယမန်နေ့ နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ​ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဦးစီးမှူး၊ ​​ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ (၃၉)ရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်း၊ အမှတ်(၅)ဈေးရှိ ဈေးတာဝန်ခံ ဦးကျော်ခိုင်နှင့် ဈေးသူ၊ ဈေးသားများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ​ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ​နှင့် ဈေးနှင့်ထိစပ်နေသော ရပ်ကွက်များဖြစ်သည့် အမှတ်(၃၉)ရပ်ကွက်နှင့် အမှတ်(၄၀)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနမှ ယခုအခါခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်မဖြစ်‌ပေါ်စေရေးအတွက် ပြည်သူများမီး​သတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးဆော်သြခြင်း၊ နှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို လည်းစဉ်ဆက်မပြတ် ဆောက်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မြင့်မြင့်ရီ