ရန်ကင်း ဒီဇင်ဘာ ၂
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအား သိရှိနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ် ရပ်ကွက်များအလိုက် သက်ဆိုင်ရာတာ၀န်ရှိသူများက တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ နိုင်ငံသားတိုင်းအိမ်ထောင်စုလူဦးရေစာရင်းတွင် ပါ၀င်သည့် အမည်စာရင်းနှင့် မဲစာရင်း၌ ပါ၀င်သည့် အမည်စာရင်းမှန်မမှန်စိစစ်၍ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ခြင်းဖြစ်ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)