မိုင်းဖြတ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းဖြတ် ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အသိပညာပေးလုပ်ငန်းများကို ‌ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်နှင့် ဝန်ထမ်းများက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသည့် မိဘပြည်သူများ၊ ဈေးရောင်းဈေးဝယ်များ၊ တက္ကစီဂိတ်များတွင် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလှုံ့ဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့အတူ အများပြည်သူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ပိုမိုသိရှိစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်ဘုတ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ သိကောင်းစရာများ၊ မဲဆန္ဒရှင်တစ်ဦး၏ တာဝန်နှင့် ရှောင်ရန်အချက်များ၊ အခွင့်အရေးများစသည့် သိကောင်းစရာများပြသ၍ လည်းကောင်း၊ မြို့နယ်ပြည်သူ့ပန်းခြံရှေ့တွင် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြပါစို့ ပိုစတာကို စိုက်ထူ၍လည်းကောင်း အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)