မိုင်းဆတ် ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် အဖွဲ့သည် ယမန်နေ့က မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်လမ်းမ လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် အရှည် ၈၇၆ပေ (၂၆၆.၈၆၁ မီတာ)ရှိ သံလွင်မြစ်ကူးတံတား (တာဆန်း) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် မိုင်းတုံ-မိုင်းဆတ်လမ်းမရှစ်မိုင်တွင် အရှည်(၂၇၈)ပေနှင့် ကိုးမိုင်တွင် အရှည်(၂၄၅)ပေ ကျောက်စီမြေထိန်းနံရံတည်ဆောက်နေမှု၊ မိုင်တိုင်အမှတ် ၁၇၉ နှင့် ၁၈၀ ကြား တောင်ပြိုမြေဖယ်ရှားခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးဌာနရုံးတွင် မြို့ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်မည့်အခြေအနေကို တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝိန်းလိတ်ကျေးရွာသွား လမ်းပေါ်ရှိ အရှည်(၁၈၀)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မိုင်းဆတ်-တာချီလိတ်လမ်းမ ဆိုင်ခေါင်တံတား အရှယ် ၄၂၀ ပေ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုနှင့် နမ့်ကျန်းတံတား ချဉ်းကပ်လမ်းတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရဇော်နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးအခြေအနေတို့ကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)