ကျောက်တလုံးကြီးမြို့၊ ထီပုန်းကျေးရွာ၌ ဝက်သန်ချဆေးထိုးနှံခြင်းနှင့် ဝက်ခြံပတ်ဝန်းကျင် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်

ကျောက်တလုံးကြီး       ဒီဇင်ဘာ      ၃၀

ဝက်သန်ချဆေးထိုးနှံခြင်းနှင့် ဝက်ခြံပတ်ဝန်းကျင်ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီခန့်က ကျောက်တလုံးကြီးမြို့ ထီပုန်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ ဝက်များတွင်သန်ကောင်အမျိုးအစားနှစ်မျိုးဖြစ်သော အူတိမ်အတွင်းနေ သန်လုံးကောင်နှင့် သန်ပြားကောင်တို့သည် ဝက်မွေးမြူရေးဖွံ့ဖြိုးရေးအတွက် ကြီးမားသော အနှောင့်အယှက် ဖြစ်စေသည့် သန်ကောင်များဖြစ်ကြောင်း ဝက်များသန်ကောင်စွဲခြင်းမှ ကာကွယ်ရန် အတွက်၊ ဝက်မကြီးများအား သားမဖွားမည့် နှစ်ပတ်ခန့်အလိုတွင် လည်းကောင်း၊ ဝက်မကြီးအား ဝက်ကလေးများနှင့်ခွဲပြီးချိန်တွင် လည်းကောင်း၊ ဝက်မဒန်းမငယ်များ သားခွဲပြီး တစ်ပတ်အကြာနှင့် အသက်သုံးလအရွယ်နှင့်ခုနှစ်လ အကြားတွင် ဝက်သန်ချဆေး ထိုးနှံပေးရမည်ဖြစ်ကြောင်း၊ ဝက်များကူးစက်ရောဂါ ကာကွယ်ရေးအတွက်ဝက် ခြံပတ်ဝန်းကျင်များပိုးသတ်ဆေးဖြန့်ခြင်းနှင့် သန်ချဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ထီပုန်းကျေးရွာရှိ တစ်ပိုင် တစ်နိုင်ဝက်မွေးမြူရေးခြံတွင် ကျောက်တလုံးကြီးမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဦးခွန်ကျော်လေးက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝင်း(ပြန်/ဆက်)