နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂

စာပေ၏ယဉ်ကျေးမှုကို မြှင့်တင်ရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်များ တိုးပွားလာစေရန်ရည်ရွယ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်‌တင်းရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ကျင်းပရာ ဇေယျာသီရိမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မျိုးချစ်စိတ်ဓာတ်ရှင်သန်တက်ကြွစေသည့် "ဇာတိမာန်‌" တေးသီချင်းဖြင့်လည်းကောင်း၊ "စာကြည့်တိုက်သို့ သွားကြစို့" တေးသီချင်းဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံ‌တော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ပညာသင်ခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအား အရင်းအမြစ်ပျိုးထောင်ခြင်းဖြစ်၍ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် အခြေခံပညာကျောင်းများတွင် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီကို ဖွဲ့စည်းပေးခဲ့သလို နေပြည်တော်အနေဖြင့်လည်း နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ စာပေဖတ်ရှုခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူးရှိစေသောကြောင့် ကလေးငယ်များအား ငယ်စဉ်မှစ၍ စာဖတ်သည့်အလေ့အထကို ပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့စဉ် စာဖတ်ရာ၌ သုတ၊ ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရေး တာဝန်ရှိသူများနှင့် မိဘများ၊ ဆရာ၊ ဆရာမများက ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာ၊ အဆင့်မြင့်ပညာကျောင်းများတွင် စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးစေရန်အတွက် ငွေပဒေသာပင်များနှင့် စာအုပ်စာစောင်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များမှ "စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး"ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပေးသည့် စာရေးဆရာ ရဲမွန်ကျော်နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများကို အသီးသီးပေးအပ်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်စာစောင်များနှင့် ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ကျောင်းသားး၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)