နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး ပျဉ်းမနားမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်နေမှုအား ကြည့်ရှုအားပေး

ပျဉ်းမနား ဒီဇင်ဘာ ၂

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် မဲစာရင်းတိုက်ဆိုင်စစ်ဆေးရေးအဖွဲ့၏ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးနေမှုကို ကြည့်ရှုအားပေးပြီး မဲစာရင်းတွင်ပါဝင်သင့်သူများ မကျန်ရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ မပါရှိစေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ကြရန်လိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ပျဉ်းမနားမြို့နယ်အနေဖြင့် တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် မဲစာရင်း တိုက်ဆိုင်စစ်ဆေးရေးအဖွဲ့များအလိုက် ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်း၍ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲစာရင်းတွင် ပါဝင်သင့်သူများမကျန်ရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ မပါရှိစေရေးအတွက် မိမိတို့နေထိုင်ရာ ဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်သည့် ပြည်သူများအား ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့် လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ရေး တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)