သီပေါ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု ပညာပေးလက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက စတင်ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများဖြစ်သည့် မြို့မဈေး၊ ဝက်ဝံဈေး(ယာယီပျံကျဈေး)၊ ကားဂိတ်၊ ဈေးဆိုင်များ၊ လ္ဘက်ရည်ဆိုင်များနှင့် ရပ်ကွက်နေပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲစသည့် ပူးပေါင်းအဖွဲ့များက ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါ လက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့” စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)