စစ်တွေ ဒီဇင်ဘာ ၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်း တိုက်သို့သွားရောက်၍ မြို့နယ်ဩဝါဒါစရိယဆရာတော်ကြီးများအားဖူးမြော်ကာ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများအားဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောက်ရှိမှုကို အတင်အချပြုလုပ်သည့် ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ ထိုသို့သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသော ကုန်ပစ္စည်းများအား စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ သိုလှောင်ထိန်းသိမ်းရောင်းချခြင်းမပြုစေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့သွားရောက်ပြီး ရုံးအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးကာ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ရိပ်သာအတွင်း လှည့်လည်ကြည့်ရှုကာ ရိပ်သာအတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မာန်အောင်ကျွန်းပတ်လမ်းပေါ်တွင် ၂၀၂၅-၂၀၂၆ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လမ်းတံတားလုပ်ငန်းများ၏ လျာထားချက်များ၊ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး ကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် လမ်းဦးစီးဌာန၊ တောင်ကုတ်ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းများလျာထားချက်နှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံညွှန်းအတိုင်း အချိန်မီပြီးစီးနိုင်ရေး စေတနာထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ - တင်ထွန်းဦး