ဇမ္ဗူသီရိ ဒီဇင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၊ သုခပညာခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လယ်ဝေးခရိုင်ဥပဒေရုံးတို့နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ခရိုင်ဥပဒေအရာရှိ ဒေါ်စန်းယုခိုင်မှ လူငယ်များ သိသင့်သိထိုက်သော “ကလေးသူငယ်အလုပ်သမားနှင့်စပ်လျဉ်း၍ ဥပဒေအသိပညာပေးခြင်း"၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်း လူတော်များ ဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်ဆွေဆွေသွယ်က လူငယ်နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုနှင့် စွန့်ပစ်ပစ္စည်း(အမှိုက်)ဆိုင်ရာ အကြောင်းအသိပညာပေးခြင်း များကိုအသီးသီးပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များ၊ လူငယ်ရေးရာနှင့် သက်ဆိုင်သည့် စာအုပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နီလာ(ပြန်/ဆက်)