ပေါင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်

ပေါင် ဒီဇင်ဘာ ၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကိုသက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးနှင့် ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး ကွင်းဆင်ဆောင်ရွက်ပေးမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်း‌အောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး ရပ်ကွက်၊ ကျေးရွာအလိုက် ကြီးကြပ်တာဝန်ခံဌာနဆိုင်ရာများက တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ပတ်သက်၍ တင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ပေါင်မြို့နယ်အနေဖြင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးနှင့် ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်ထိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)