မော်လမြိုင်၊ ဒီဇင်ဘာ ၁
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြှော်ပြီး ဦးစွာပြည်နယ်ဝန်ကြီးချုပ်က ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကာ တောင်စွန်းကျေးရွာ ရာမညနိကာယတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တသဒ္ဓမ္မဓဇ၏ သြဝါဒကထာ ခံယူတော်မူသည်။
ထို့နောက် ကျိုက်ထီးဆောင်းဒုတိယဒီပဆရာတော် ကမ္ဘာ့ငြိမ်းချမ်းရေးပါရဂူဂုဏ်ထူးဆောင် ဒေါက်တာ ဘဒ္ဒန္တနာဂဒီပ ဆရာတော်ကြီး ကြွေရာက်တော်မူ၍ ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကာ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် လှည့်လှည်ကြည့်ရှု့ခဲ့ပြီး ကျိုက်ထီးဆောင်းဒုတိယဒီပဆရာတော် ကမ္ဘာ့ငြိမ်းချမ်းရေးပါရဂူဂုဏ်ထူးဆောင် ဒေါက်တာ ဘဒ္ဒန္တနာဂဒီပ ဆရာတော်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား စေတီတော်အထွဋ်မှ ဓမ္မာရုံအတွင်းသို့ ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ်ကွမ်ရိုက်ကျေးရွာ ကျိုက်လောကပါလစေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး စေတီတော်မြတ်ကြီး ထီးတော်အသစ်တင်လှူပူဇော်ရန်အတွက် ဘက်စုံပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)