စစ်တွေ ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီက ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ဖွင့်လှစ်ရာ ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆရာမများနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ယနေ့ကမ္ဘာ့တွင် ရာသီဉတုပြောင်းလဲမှု အကျိုးဆက်အဖြစ် ပေါ်ပေါက်လာသည့် သဘာဝဘေးအန္တရာယ်နှင့် ပြည်တွင်းပဋိပက္ခများကြောင့် စားရေရိက္ခာရှားပါးလာခြင်း၊ လူမှုစီးပွားဘဝ အကြပ်အတည်းများနှင့် ရင်ဆိုင်လာရခြင်းကြောင်း ကလေးများအတွက် ပညာသင်ကြားရေးကို အဟန့်အတား ဖြစ်စေပြီး ကလေးများကို အရွယ်မတိုင်ခင် လုပ်ငန်းခွင်သို့ ရောက်စေသည်ကိုတွေ့ရှိရမည် ဖြစ်ကြောင်း၊ ကလေးအလုပ်သမားများ များပြားလာခြင်းသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပေါ်နေသည့် လူမှုရေးပြဿနာဖြစ်ကြောင်း၊ ကမ္ဘာ့စစ်တမ်းများအရ ဆင်းရဲနွမ်းပါးမှု တစ်ရာခိုင်နှုန်းတိုးလာတိုင်း နိုင်ငံတိုင်းမှာ ကလေးအလုပ်သများအနည်းဆုံး ၈ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပေါ်စေကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ လူဦးရေး စုစုပေါင်း ၅၁ ဒသမ ၄ သန်းတွင် ၁၅ နှစ်အောက် ကလေးဦးရေ၏ ၂၅ ဒသမ ၂ သန်းရှိသည်ဟု ဖော်ပြထားကြောင်း၊ စုစုပေါင်းလူဦးရေ၏ လေးပုံတစ်ပုံရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစီရင်ခံစာအရ အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြားဖြစ်သော အသက် ၁၅ နှစ်မှ ၆၄ နှစ်ထိ အရွယ်သည် လူဦးရေ၏ ၆၆ ဒသမ ၉ ထိရှိပြီး အလုပ်လုပ်သည့် လူဦးရေအချိုးအစားမြင့်မားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုပ်ငန်းကဏ္ဍ (၂) ခုနှင့် နမူနာလုပ်ငန်းပေါင်း (၁၁၀) ကို ကောက်ယူခဲ့သည် ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာအရ ကလေးအလုပ်သား (၁၆)ဦး တွေ့ရှိရပြီး (၃) ဦးသည် စားဝတ်နေရေး အခက်အခဲကြောင့် အန္တရာယ်ရှိသောလုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသည်ကို တွေ့ရှိရကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အဆိုးရွားဆုံးပုံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီမှ လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်းများနှင့်အညီ စိတ်လှုမှုပံ့ပို့မှုများ၊ အခြားလိုအပ်သည့် ကူညီထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီပေးရေး လုပ်ငန်းကော်မတီအနေဖြင့် အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး ကလေးသူငယ်များကို အခြေခံပညာတတ်မြောက်စေရန် နိုင်ငံတော်ကစီစဉ်ပေးထားသည့် အခမဲ့ပညာရေး အစီအစဉ်တွင် ပါဝင်တက်ရောက်နိုင်ရန်၊ ကလေးသူငယ်တွေကို အရွယ်မတိုင်ခင် လုပ်ငန်းခွင်သို့ မပို့ဆောင်ရန် မိဘများကို ပညာပေးစည်းရုံးဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း မိသားစုဝင်များအတွက် ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဒေသနှင့်ကိုက်ညီသည့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း (၂) ကြိမ် ဆောင်ရွက်ခဲ့သည့် တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် ဆန်းစစ်ခြင်း စစ်တမ်းရလာဒ်အရ စက်ချုပ်သင်တန်းကို ပထမဦးစားပေးအနေဖြင့် ရွေးချယ်ထားကြသည့်အတွက် ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေနှင့် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် စစ်တွေ့၊ လက်တွေ့သင်ကြားရမည်ဖြစ်၍ သင်ကြားပေးသည့် ပညာရပ်များကိုလည်း ဂရုတစိုက် လေ့လာမှတ်သားပြီး သင်တန်းကို အချိန်ပြည့်တက်ရောက်နိုင်ရန် မှာကြားလိုကြောင်း၊ သင်တန်းတွင် သင်တန်းသူ တယောက်ချင်းစီအတွက် သင်ထောက်ကူပစ္စည်း ၂၇ မျိုးကို ထုတ်ပေးမည်ဖြစ်၍ သင်တန်းပြီးဆုံးသည့်အခါ ပစ္စည်းများကို သင်တန်းသူများနှင့် တစ်ပါတည်းထည့်ပေးလိုက်မည်ဖြစ်ကြောင်း၊ သင်တန်တွင် ပထမဆုရရှိသူကို အပ်ချုပ်စက် အသစ်တစ်လုံးချီးမြှင့်မည်ဖြစ်ပြီး ဒုတိယနှင့် တတိယရရှိသူများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်မည်ဖြစ်သည့်အတွက် သင်တန်းသူများအနေဖြင့် သာလွန်ကောင်းမွန်အောင် ကြိုးစားကြရန် မှာကြားလိုကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပေးသည့် အခြေခံသင်ခန်းစာများကို စိတ်ဝင်စားစွာ လေ့လာသင်ယူပြီး တတ်မြောက်လာသည့် အခြေခံစက်ချုပ် ပညာရပ်ကတစ်ဆင့် လုပ်ငန်းခွင် ဝင်နိုင်သည့်အဆင့်ဖြစ်အောင် အဆင့်ဆင့်ကြိုးစား သင်ယူ ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက အခြေခံစက်ချုပ်သင်တန်းအတွက် ချီးမြှင့်ငွေကျပ်သိန်း (၁၅၀) အားပေးအပ်ရာ ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီးတို့က လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက အခြေခံစက်ချုပ်သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသူများနှင့် အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပသော (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။
(၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၌ အလယ်တန်းအဆင့်တွင် ဘက်စုံထင်ရှားရခိုင်လူမျိုးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်ပြိုင်ပွဲတွင် လေးရပ်ဝတီအားမာန် မိုးသို့ညံ ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူ ၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)