မြစ်ကြီးနား ဒီဇင်ဘာ ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မူးယစ်ကင်းစင် ကချင်ပြည်နယ်တစ်ခွင် အားကစားလှုပ်ရှားမှုအဖြစ် နိုင်ဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက လူထုစက်ဘီးစီးနင်းပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်း အထူးတန်းပွဲကြည့်စင်ရှေ့၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နံနက် ၆ နာရီတွင် ပြည်သူ့အားကစားကွင်း အထူးတန်းပွဲကြည့်စင်ရှေ့စုရပ်၌ လူထုစက်ဘီးနင်းပွဲပါဝင်ဆင်နွှဲကြသူများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက သေနတ်ပစ်ဖောက်၍ တာလွတ်ပေးရာ ပြိုင်ပွဲဝင်များသည် မြစ်ကြီးနားမြို့ သခင်နက်ဖေလမ်းမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း အောင်ဇေရန်အောင်ဘုရားထိ၊ ထိုမှတစ်ဆင့် သတ်မှတ်လမ်းကြောင်းအတိုင်း ပြည်သူ့အားကစားကွင်းအထိ တစ်ပျော်တစ်ပါး အသွားအပြန်စီးနင်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ပြိုင်ပွဲဝင်များ ပြန်လည်ဝင်ရောက်လာမှုကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားပေးကြိုဆိုခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက စက်ဘီးစီးနင်းပွဲတွင် ပါဝင်သူများအား မုန့်နှင့် ရေသန့်ဘူးများကို ကျွေးမွေးပေးကြကာ ကံစမ်းမဲဖောက်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ သည်။
ယင်းနောက် မြစ်ကြီးနားမြို့ရှိ လူငယ်စက်ဘီးစတန့်အဖွဲ့က စက်ဘီးစီးစွမ်းရည်ဖြင့် သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး စက်ဘီးစီးနင်းပွဲပါဝင်ဆင်နွှဲသူများ ကံစမ်းမဲများဖွင့်ဖောက်၍ ဆုများကိုပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက စက်ဘီးစီးစတန့်ပြသည့် လူငယ်အဖွဲ့အတွက် ချီးမြှင့်ငွေများနှင့် အမျိုးသားစီးစက်ဘီးကံစမ်းမဲပေါက်သူတစ်ဦးအား ဆုလက်ဆောင်အဖြစ် စက်ဘီးတစ်စီးကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးစီး စက်ဘီးမဲပေါက်သူအား စက်ဘီးတစ်စီးကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျန်စက်ဘီးစီးနင်းပွဲ ပါဝင်ဆင်နွှဲကြသူအားလုံးအား အိမ်သုံးပစ္စည်းများကို ကံစမ်းမဲဖောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)