ဆေးတက္ကသိုလ်(တောင်ကြီး)၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၁

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်(တောင်ကြီး)၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် ဆေးတက္ကသိုလ်(တောင်ကြီး)မောက္ခချုပ် ဒေါက်တာလှဝင်းမြင့်၊ ဒုတိယပါမောက္ခချုပ်၊ ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက သက်ဆိုင်ရာဝတ်ရုံအသီးသီးကိုဝတ်ဆင်လျက် ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်သို့ အစီအစဉ်အတိုင်း တက်ရောက်ကြရာ မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်ကြသည်။ ထို့နောက် ဆေးပညာဘွဲ့ရမောင်မယ်များအား ဆေးတက္ကသိုလ်(တောင်ကြီး)ပါမောက္ခချုပ်က အဓိဌာန်ပြုကတိသစ္စာခံယူစေပြီး၊ ဆေးပညာဘွဲ့ရရှိသူ (၈၂)ဦးအား ဆေးပညာဘွဲ့များအသီးသီး ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် ဆေးတက္ကသိုလ်(တောင်ကြီး)ပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားရာတွင် အခြေခံဆရာဝန်တစ်ဦးအနေဖြင့် ကျန်းမာရေးမြှင့်တင်ခြင်း၊ ရောဂါကာကွယ်ခြင်း၊ ဆေးကုသခြင်း၊ လူနာများကိုပြုစုခြင်းများအပြင် စီမံခန့်ခွဲရေးကိစ္စရပ်များကို နားလည်တတ်ကျွမ်းပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ စိတ်ကောင်းစေတနာမှန်ရှိသည့် ပညာပြည့်ဝထူးချွန်ထက်မြတ်သည့် ပြည်သူလုထုအားကိုးရသည့် ဆရာဝန်ကောင်းများဖြစ်လာအောင် စဉ်ဆက်မပြတ်ကြိုးစာကြရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ ဆေးပညာတက္ကသိုလ်(တောင်ကြီး)၏ ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခ ဒေါက်တာတင်ထွန်း၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးညွန့်နှင့် ဘွဲ့ရမောင်မယ်များ၏ မိဘဆွေမျိုးများတက်ရောက်ကြပြီး၊ ဆေးပညာဘွဲ့ရရှိသူ စုစုပေါင်း (၈၂)ဦးတို့အား ဆေးပညာဘွဲများ ချီးမြှင့်အပ်နှင်းပေးခဲ့ကြောင်း သိရှိရသည်။

ထက်ဝေအောင်