မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအဆောက်အဦများကို စိစစ်ဖော်ထုတ်မှတ်တမ်းတင်နိုင်ရန်အတွက် ရှေးဟောင်းအဆောက်အဦစိစစ်ဖော်ထုတ်ရေးကော်မတီ စည်းဝေး

မော်လမြိုင် နိုဝင်ဘာ ၂၉

မွန်ပြည်နယ်အတွင်း သန့်ရှင်းသာယာလှပသော အခြေခံကျောင်းများ ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်း‌မြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက  ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအဆောက်အဦများကို စိစစ်ဖော်ထုတ်မှတ်တမ်းတင်နိုင်ရန် အတွက် ရှေးဟောင်းအဆောက်အဦ စိစစ်ဖော်ထုတ်ရေးကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပင်မဆောင်၌ ကျင်းပသည်။

အစည်းအဝေးတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ)တာဝန်ခံမှ မွန်ပြည်နယ်အတွင်းရှိ  နှစ်ပေါင်း (၁၀၀) အထက်ရှိ ရှေးဟောင်းအဆောက်အဦများတွင် ပါဝင်သည့် သာသနာဆိုင်ရာအဆောက်အဦများ၊ ဌာနဆိုင်ရာ၊ အသင်းအဖွဲ့ပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အဦများ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလမ်ဘာသာရေး အဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှေးဟောင်းအဆောက်အဦများ ပျက်စီးယိုယွင်းမှု မရှိစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်၊ ပြုပြင်ထိန်းသိမ်းမှုများတွင် ရှေးမူလပုံစံ မပျက်ထိန်းသိမ်းဆောင်ရွက်ကြစေရန် လမ်းညွှန်မှာကြားခဲ့ကာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရှေးဟောင်းအဆောက်အဦများကို စိစစ်ဖော်ထုတ်မှတ်တမ်းတင်နိုင်ရန် အတွက် အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)