ကျောက်မဲ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများတက်ရောက်ကြကြောင်းသိရသည်။
ရှေးဦးစွာ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် ကျောက်မဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတိုးရီတို့က အသီးသီးအဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိဒေါ်နှင်းရူပါမှ သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက်အခမ်းအနားကို တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့အပါအဝင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များက မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍လက်တွေ့မဲပေးခြင်းအားလေ့လာခဲ့ကြသည်။ အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို (၂၉-၁၁-၂၀၂၅)ရက်နေ့မှ(၃၀-၁၁-၂၀၂၅) ရက်နေ့အထိ သင်တန်းကာလ (၂) ရက်ဖြင့် နံနက် ၉ နာရီမှညနေ ၁၆ နာရီအထိ သင်တန်းနည်းပြဆရာများမှ အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ် မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့ မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့်စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များ ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန် အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများ ရေတွက်ရမည့်အခြေအနေ စသည့် အကြောင်းအရာများကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချမည်ဖြစ်ပြီး စုစုပေါင်းသင်တန်းသား (၃၀၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကျောက်မဲခရိုင် (ပြန်/ဆက်)