စစ်တွေ နိုဝင်ဘာ ၂၉
(၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား စစ်တွေတက္ကသိုလ် အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်ပင်မဆောင် ဘွဲ့နှင်းသဘင်ခန်းမဆောင်ရှေ့၌ ရခိုင်မင်္ဂလာစည်တော်တီးခတ်၍ ယိမ်းအကဖြင့် ကပြဖျော်ဖြေကာ ကြိုဆိုကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စစ်တွေတက္ကသိုလ် အနုပညာအသင်းမှ ကျောင်းသူများက ရထားပန်းယိုင်ယိမ်း အကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲသည် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်ကျင်းပသည့် အခမ်းအနား ဖြစ်ကြောင်း၊ ရှေးက ရခိုင်ဒေသ၊ ရခိုင်လူမျိုးများကို အာရက္ခဒေသ၊ အာရက္ခလူမျိုးဟု ခေါ်ဝေါ်ခဲ့ကို AD ၈ ရာစုတွင် ရေးထိုးခဲ့သည့် အာနန္ဒစန္ဒြားကျောက်စာအရ သိရှိရကြောင်း၊ ရခိုင်လူမျိုးများသည် အမျိုးသီလနှစ်ဌာနကို စောင့်ရှောက်ကြသည့် လူမျိုးလည်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် လခြမ်းပုံသဏ္ဍာန်ကွေးစွာ ဖြစ်ပေါ်တည်ရှိသည့်အတွက် လခြမ်းမြေဟုလည်း တင်စားခေါ်ဝေါ်ခဲ့ကြ ကြောင်း၊ ရခိုင်ပြည်နယ်သည် ဗြိတိသျှကိုလိုနီလက်အောက် ကျရောက်ခဲ့ပြီးနောက် ၁၈၂၆ ခုနှစ်တွင် စစ်တွေမြို့ကိုတည်ခဲ့ကြောင်း၊ ရခိုင်ဒေသအုပ်ချုပ်ရေးအတွက် Arakan Division ရခိုင်တိုင်းအဖြစ် သတ်မှတ်အုပ်ချုပ်ခဲ့ကြကာ လွတ်လပ်ရေးရပြီး ၁၉၇၅ ခုနှစ်အထိဖြစ်ကြောင်း၊ ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ရခိုင်ပြည်သူအားလုံး ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး ပြည်သူအားလုံးက ပြည်နယ်ဖြစ်ပေါ်လာရန်အတွက် တခဲနက်ဆန္ဒပြုခဲ့ကြကြောင်း၊ ဆန္ဒခံယူ ပွဲပြုလုပ်သည့်နေ့ကို အစွဲပြုပြီး နှစ်စဉ်ဒီဇင်ဘာလ(၁၅) ရက်နေ့ကို ရခိုင်ပြည်နယ်နေ့ အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဒီဇင်ဘာလ(၁၅)ရက်နေ့ ရောက်တိုင်း ရခိုင်ပြည်နယ်နေ့ကို အစိုးရအဆက်ဆက်က နှစ်စဉ်ကျင်းပပေးခဲ့သည်မှာ ယခုဆိုလျှင် (၅၁)နှစ်ရှိပြီဖြစ်ကြောင်း၊ စစ်တွေတက္ကသိုလ် လူငယ် မောင်မယ်များအနေဖြင့် ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် ခံယူချက်၊ သဘောထားအမြင်များကို ဖော်ထုတ်ပြကြမည်ဖြစ်ကြောင်း၊ အနာဂတ် မြန်မာနိုင်ငံတော်ကြီးကို ဦးဆောင်ကြမည့် လူငယ်များသည် ဘဝခရီးနှင့် လုပ်ငန်းခွင်အတွက် (၂၁)ရာစု ကျွမ်းကျင်မှုများ၊ ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မရှိမဖြစ်လိုအပ်သည့် စဉ်းစား တွေးခေါ်မှုဆိုင်ရာ ဖန်တီးမှုများ၊ တီတွင်ကြံဆဖန်တီးတတ်မှုများ စသည့်ကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်များ မြှင့်တင်နိုင်ရန်လည်း လိုအပ်ကြောင်း၊ ထိုကဲ့သို့လိုအပ်ချက်များကိုစကားဝိုင်းများမှ တစ်ဆင့်ရရှိကြမည်ဖြစ်ကြောင်း၊ လူငယ်ဆိုသည် အနာဂတ်၏ ခေါင်းဆောင်လောင်းများ ဖြစ်ကြောင်း၊ မျက်မှောက်ခေတ်တွင် နည်းပညာများ တိုးတက်မြင့်မားနေသည့် ခေတ်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ စကားဝိုင်းပြုလုပ်ပေးခြင်းကြောင့် လူငယ်များ အချင်းချင်း အသိပညာများ၊ ဗဟုသုတများ ဖလှယ်နိုင်ကြပြီး စည်းလုံးညီညွတ်မှု များရရှိလာမည်ဖြစ်ကြောင်းနှင့် ယခုအခမ်းအနားမှတစ်ဆင့် လူငယ်မောင်မယ်တို့သည် မိမိလူမျိုး၏တန်ဖိုးဂုဏ်ကို ဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ကြပါစေကြောင်းပြောကြားသည်။
ဆက်လက်၍ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်“ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု နှစ်(၅၀) ခရီး” လူငယ်စကားဝိုင်းအစီအစဉ်ကိုကျင်းပရာ စစ်တွေတက္ကသိုလ် မြန်မာစာဌာနမှ နည်းပြ ဒေါ်ထက်ထက်တင်နှင့် ဒေါ်စုလှိုင်ဝင်းတို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး စိတ်ပညာ အထူးပြု၊ ပထမနှစ် မဟာဝိဇ္ဇာတန်းကျောင်းသူ မခင်စန္ဒာစိုး၊ ရူပဗေဒအထူးပြု၊ မဟာသိပ္ပံ အရည်အချင်းစစ်သင်တန်းကျောင်းသား မောင်ရဲဝင်းနိုင်၊ ဓာတုဗေဒအထူးပြု၊ ဒုတိယနှစ် ကျောင်းသား မောင်စောမောင်လတ်၊ သင်္ချာအထူးပြု၊ စတုတ္ထနှစ် ကျောင်းသူ မအေးအေးသွယ်၊ သတ္တဗေဒအထူးပြု၊ တတိယနှစ် ဂုဏ်ထူးတန်း ကျောင်းသား မောင်ပြည့်ဖြိုးဟိန်းနှင့် သတ္တဗေဒ အထူးပြု၊ စတုတ္ထနှစ် ကျောင်းသူ မဇင်မာနွယ်တို့က ရခိုင်ပြည်နယ် ပေါ်ပေါက်လာပုံနှင့်ပြည်နယ်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပညာရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ယဉ်ကျေးမှု၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ လက်ထက် ပြည်နယ်လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ချက်များ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးနွေးဆွေးကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဖြေကြားကြသည်။ ယင်းနောက် လူငယ်စကားဝိုင်း ဆွေးနွေးချက်များနှင့် ပတ်သက်၍ ပြည်နယ်ဥပဒေချုပ်က ခြုံငုံသုံးသပ်ဆွေးနွေးပေးပြီး စစ်တွေတက္ကသိုလ် အနုပညာ အသင်းမှ ကျောင်းသူများက ရိုးမရံစီယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ယိမ်းအကအဖွဲ့ဝင်များနှင့် ဖျော်ဖြေရေးအဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေတက္ကသိုလ်စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာပေများကို ပေးအပ်လှူဒါန်းပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော စာအုပ်၊ စာပေများကို လှည့်လည်ကြည့်ရှုကာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသော (၅၁)နှစ် မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး(၂/၂၀၂၅) ညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ အနှစ်သာရရှိရှိ အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် ကော်မတီအသီးသီးက လုပ်ဆောင်နေမှုများကို ဆွေးနွေးတင်ပြပေးကြစေလိုကြောင်းနှင့် ဦးစီးကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကဏ္ဍများကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိ နှိုင်းအစည်းအဝေး(၁/၂၀၂၅) ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ရင်း၊ တပ်ဖွဲ့များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား အနွေးထည်(Track suit) ပေးအပ်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)