နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်၌ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၂၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ ကုတင် (၅၀) ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဥတ္တရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ‌ ခေတ္တဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ ဥတ္တရသီရိ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူလူထုများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လာရောက်ဆေးကုသမှုခံယူသူများ စိတ်အေးချမ်းမြေ့စွာ ဆေးကုသမှုခံယူနိုင်ရေး၊ ဆေးရုံဥပဓိရုပ်ကောင်းမွန်စေရန် အတွင်း၊ အပြင် ရှင်းလင်းဆောင်ရွက်ထားရေး၊ နှစ်ရှည်ပင်များအား အလင်းဖွင့်ခြင်း၊  ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများစနစ်တကျဆောင်ရွက်ရေး၊  ရေဝပ်သည့်နေရာများအား ရေများဖောက်ထုတ်ခြင်း၊ လမ်းပုခုံးသားများအား လမ်းလယ်ပယ်ထက် မြင့်တက်နေမှုမရှိစေရေးတို့ကို မှာကြားပြီး ဆန်နှင့်စားသုံးဆီများ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်  ရောင်းချပေးနေမှုအား ကြည့်ရှုအား‌ပေးခဲ့‌သည်။

အလားတူ ဥတ္တရသီရိမြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးသာယာလှပ‌စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် စဉ်ဆက်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိ‌‌ ကြောင်းသိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)