ကျိုင်းတုံ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင်း ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းဟုန်က မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကြောင့် အမျိုးသမီးဦးရေသေဆုံးမှုမြင့်မားလျက်ရှိပါကြောင်း၊ ၂၀၃၀ ခုနှစ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါအား ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ်မှ ပပျောက်ရေး ဆောင်ရွက်ရာတွင် HPV ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအား တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံချိန်တွင် ပညာရေးဝန်ထမ်းများက ပါဝင်ကူညီဆောင်ရွက်ပေးရန်နှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံချိန်များတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံနိုင်ရေးအစီအစဉ်များနှင့်ပတ်သက်၍ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)