ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နန်းပန်အားကစားရုံဖွင့်ပွဲနှင့် SHAN STATE VOLLEYBALL LEGUE (2025-2026) ကလပ်ပေါင်းစုံအမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

တောင်ကြီး နိုဝင်ဘာ ၂၉

နန်းပန်အားကစားရုံဖွင့်ပွဲနှင့် SHAN STATE VOLLEYBALL LEGUE (2025-2026) ကလပ်ပေါင်းစုံအမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နန်းပန်မြို့ နန်းပန်အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်၊ တက္ကသိုလ်များက ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေ ကျပ်သန်း (၅၅၀.၆၁၅)ဖြင့် ဆောက်လုပ်ပြီးစီးပြီးဖြစ်သည့် နန်းပန်အားကစားရုံအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အားကစားရုံတာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာသည့် ဧည်သည်တော်များက အားကစားရုံ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းကြသည်။

ဆက်လက်၍ SHAN STATE VOLLEYBALL LEGUE (2025-2026) ကလပ်ပေါင်းစုံအမျိုးသား ဘော်လီဘောပြိုင်ပွဲကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အားကစားအသင်းများက ပြည်နယ်လူမှုရေးရာ ဝန်ကြီးအား အလေးပြုကြပြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အတွင်း ဘော်လီဘောအားကစားနည်းကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်စား လာစေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်ဘော်လီဘောအားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ အားကစားသမားများအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုရရှိလာစေရန်နှင့် ပြည်နယ်ဂုဏ်ဆောင် မြန်မာ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ချက်ကောင်းများဖြင့် ယခုပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် ဘက်စုံပြည့်စုံအောင် ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း ပြောကြားပြီး ဘောလီဘောပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားများပြောကြား၍ အားကစားပစ္စည်းများ ချီးမြှင့်ပေး ကြသည်။ ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဘင်ခရာတပ်ဖွဲ့၊ ပန်းဖွားအကအဖွဲ့နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ ထိုင်းနိုင်ငံတွင်ကျင်းပမည့် 33rd SEA GAME သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဘော်လီဘောအသင်းတွင် ရွေးချယ်ခံရသည့် ရှမ်းပြည်နယ်မှ ဘော်လီဘောအားကစားသမား (၄) ဦးအား ရှမ်းပြည်နယ် ဘော်လီဘောဆပ်ကော်မတီမှ (၁) ဦးလျှင် ငွေကျပ် (၁၀) သိန်းစီဖြင့် စုစုပေါင်းငွေကျပ် (၄၀) သိန်းအား ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် SHAN STATE VOLLEYBALL LEAGUE (2025-2026) ကလပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကို စတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးများနှင့်ဧည့်သည်တော်များ၊ ဒေသခံ ပြည်သူများက ပြိုင်ပွဲပထမပွဲစဉ်အဖြစ် အားကာသိပ္ပံ(တောင်ကြီး)အသင်းနှင့် (မိုင်းပျိုး+တောင်တို) အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး၊ အဆိုပါပြိုင်ပွဲအား (၂၈-၁၁-၂၀၂၅)မှ (၂၈-၃-၂၀၂၆) အထိ၊ နေ့စဉ်နံနက် (၉) နာရီမှ မွန်းလွဲ (၂) နာရီအချိန်အထိ ပြိုင်ပွဲဝင် အသင်းပေါင်း (၁၁) သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်းသိရှိရသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့သည် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ အထူးခန်းလူနာကုသဆောင်၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများနှင့် လူနာရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး၊ ဆေးရုံအုပ်ကြီးက လူနာရောက်ရှိမှုအခြေအနေ၊  ဓာတ်ခွဲ၊ ဓာတ်မှန်စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊  သက်ဆိုင်ရာ ဆရာဝန်ကြီးများမှ စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ရန် စီစဉ်ထားရှိမှုအခြေအနေ၊ လူနာများအား နိုဝင်ဘာ (၂၉) ရက်နေ့မှစတင်၍ ခွဲစိတ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား  ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။

အဆိုပါ နှုတ်ခမ်းကွဲအာခေါင်ကွဲ လူနာများအား ကလေးအထူးကုဆရာဝန်ကြီးနှင့်အဖွဲ့က ခွဲစိတ်ကုသမှုပြုလုပ်ရန် မသင့်လျှော်သည့်ရောဂါများ ရှိ/မရှိ စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း၊ မေ့ဆေးအထူးကုဆရာဝန်ကြီးနှင့်အဖွဲ့က မေ့ဆေးပေး၍ ရနိုင်သည့် အခြေအနေများ ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ထက်ဝေအောင်(ပြန်/ဆက်)