ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၌ မဲစာရင်းမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စိစစ်နေမှုအား ကြည့်ရှု

စစ်တွေ    နိုဝင်ဘာ  ၂၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၌ မဲစာရင်းမှန်ကန်စေရေး အတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စိစစ်နေမှုအား သွားရောက်ကြည့်ရှုကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ အိုတန်းရပ်ကွက်၌ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က မဲစာရင်းမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စိစစ်နေမှုအား လှည့်လည်ကြည့်ရှုကြသည်။ ထိုသို့ လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်းမဲပေးနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့် ပြည်သူများကိုလည်း ကျေးဇူးတင်ကြောင်း၊ တစ်အိမ်တက်ဆင်းမဲစာရင်းတိုက်ဆိုင်စိစစ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူများစိတ်နှလုံးအေးချမ်းစွာဖြင့် ဖြေကြားနိုင်အောင် ဆောင်ရွက်သွားကြရန်နှင့် မဲစာရင်းကြည့်ရှုနိုင်ရေးစည်းရုံး ဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရပ်ကွက်အတွင်း ဈေးရောင်းချနေကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကုန်ပစ္စည်းများရောက်ရှိ ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ မိဇံရပ်ကွက် မြို့သူကြီး ရပ်ကွက်နှင့် တရားသိစုရပ်ကွက်တို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က မဲစာရင်းမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စိစစ်နေမှုအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြည်တော်သာရပ်ကွက်နှင့် အနောက်စံပြရပ်ကွက်ရှိ မြင်းစီးပြင်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် မြောင်းကူးတံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားသွားရောက် ကြည့်ရှုစစ်ဆေးကြရာ  ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးကကွန်ကရစ်ခင်းခြင်းနှင့် မြောင်းကူးတံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က  လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး စေတနာထားဆောင်ရွက် သွားကြရန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တော်သာရပ်ကွက် စံပြမုန့်တိုက် ရှေ့လမ်း ကွန်ကရစ်ခင်းခြင်းနှင့် မြောင်းကူးတံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကဏ္ဍများအားရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လမ်းများကြံ့ခိုင်ကောင်းမွန် စေရေး၊ ရေရှည်တည်တံ့စေရေး စေတနာအပြည့်ဖြင့် စံနမူနာပြဖြစ်အောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်းသတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)

ဓာတ်ပုံ- ဝင်းမင်းစိုး