တွံတေး ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များ ကော်မတီ ဖွဲ့စည်းရေးအတွက် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီနှင့် တွေ့ဆုံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ၌ အပိုင်းနှစ်ပိုင်းခွဲ ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့်အတိုင်း ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှသိမ်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်ဦးက မြို့နယ်အတွင်းရှိသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဖွင့်လှစ်ပြီး စာကြည့်တိုက် များ ရှင်သန်ဖွံ့ဖြိုးရေး၊ အလေးထား ဆောင်ရွက်စေလိုကြောင်း၊ စာကြည်တိုက်မှတ်ပုံတင် လက်မှတ် လျှောက်ထားရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် နည်းဥပဒေပါ ကောက်နုတ်ချက်များ၊ စာကြည့်တိုက်မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ စာကြည့်တိုက် ရေရှည် တည်တံ့ရေးနှင့် ခိုင်မာသော စာကြည့်တိုက် ကော်မတီတစ်ရပ် ပြန်လည်ဖွဲ့စည်းရေးနှင့် စာကြည့်တိုက်များ အောင်မြင် လာစေရေး အတွက် ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဝင် ဦးအောင်အောင်(အရင်လူ-တွံတေး)က စာအုပ်စာပေ စုဆောင်းရေး၊ စာဖတ် ပရိတ်သတ် များ စာပေဖတ်ရှုလာစေရေး ၊ ကျေးရွာပြည်သူလူထုပါ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် တွံတေးမြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များထဲမှ ၃၂တိုက်အား မနက်ပိုင်း ၁၆တိုက်၊ ညနေပိုင်း ၁၆ တိုက် အပိုင်း နှစ်ပိုင်း ခွဲ၍ Social Distancing နှင့်အညီ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)