ဒက္ခိဏသီရိမြို့နယ်၌ ဝက်ခွာနာလျှာနာ အာဖရိကဝက်အပြင်းဖျားရောဂါနှင့် ဇီဝလုံခြုံမှုဆိုင်ရာ အသိပညာပေး ဟောပြော

နေပြည်တော် နိုဝင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များ၌ ဖြစ်ပွားတက်သည့် ရောဂါများအကြောင်း အသိပညာပေးကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့က ချိုင်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒက္ခိဏသီရိမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ထက်မမဖြိုးက ကျွဲ၊ နွားများတွင် ဖြစ်ပွားတက်သည့် ခွာနာလျှာနာရောဂါအကြောင်း၊ အရေပြားအကျိတ်နာရောဂါအကြောင်း၊ ဒေါင့်သန်းရောဂါအကြောင်း၊ ဝက်များတွင်ဖြစ်ပွားတက်သော အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း၊ ဝက်ဝမ်းကျရောဂါများအကြောင်း၊ ကာကွယ်ဆေး၏ အကျိုးအာနိသင်များအကြောင်းနှင့် တိရိစ္ဆာန်အစာပင်(နေပီယာမြက်)များ စိုက်ပျိုး၍ ကျွဲ၊ နွားများအား လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူစနစ်သို့ ပြောင်းလဲမွေးမြူခြင်းဖြင့် ရောဂါကူးစက်မှုကို သက်သာစေ၍ မွေးမြူရေးအောင်မြင်ဖြစ်ထွန်းစေပြီး မိသားစုဝင်ငွေကို တစ်ဖတ်တစ်လမ်းမှ တိုးပွားစေကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် မွေးမြူရေးလုပ်ငန်း လိုပ်ကိုင်သည့် ကျေးလက်နေပြည်သူများအား အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများမှ မွေးမြူရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းများကို နိုဝင်ဘာလ တတိယပတ်မှစတင်၍ လကုန်ရက်အထိ ရပ်ကွက်၊ ကျေးရွာအလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)