လွိုင်လင်မြို့၌ မြို့မဈေးကြီးရှေ့တွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်

လွိုင်လင်  နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးရှေ့တွင်ပြုလုပ်သည်။

ထိုသို့ သရုပ်ပြသခြင်းဆောင်ရွက်ရာသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်‌အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များ၊ ဈေးသူ ဈေးသားများတက်ရောက်ကြသည်။

ဦးစွာ ခရိုင်မီးသတ်ဦးစီးမှူးက ပွင့်လင်းရာသီရောက်ရှိလာ၍ မီးဘေးအန္တရာယ်မဖြစ်ရေး  အတွက် မီးကြွင်း မီးကျန်မရှိစေရေး၊  လျှပ်စစ်ဝိုင်ယာကြိုးများစနစ်တကျသွယ်တန်းထားရှိရန်၊ မီးသတ်ဆေးဘူးများဆောင်ထားကြရန် အသိပညာပေးဟောပြောပြီးနောက် မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

လွိုင်လင်မိုး