ကျေးသီးမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျေးသီး နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျေးသီးမြို့နယ်တွင် တတိယပိုင်းအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းကို (၂၇.၁၁.၂၀၂၅)ရက်နေ့မှ (၂၈.၁၁.၂၀၂၅)ရက်နေ့အထိ (၂)ရက်တာ ဖွင့်လှစ်၍ မဲရုံအဖွဲ့ဝင်များမှ ဆောင်ရွက်ရမည့် တာဝန်နှင့် လုပ်ပိုင်ခွင့်အခြေအနေများ၊ မဲစာရင်းစစ်ဆေးသူနှင့် ထိန်းချုပ်စက်ကိုင်တွယ်သူများ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာလုပ်ငန်းများ၊ (MEVM)စက်များသယ်ဆောင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုရမည့်နည်းလမ်းများ၊ မဲရုံအတွင်းအသုံးပြုရမည့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါပုံစံများအား အသေးစိတ်ပို့ချ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းကို တစ်ဆက်တည်းကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နောင်ဖြူ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသိန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များပြောကြားပြီး လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နောင်ဖြူ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို သင်တန်းနည်းပြ (၃)ဦးမှ ပို့ချဆွေးနွေး၍ သင်တန်းသား၊ သင်တန်းသူ (၁၂၀)ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ ဆက်)