နမ့်စန်(တ) နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက အမှတ် (၅) ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့သည်။
ဦးစွာ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က မြန်မာ့သိုင်းဗန်တိုအတိုက် ပြိုင်ပွဲတွင် အသင်းလိုက်တံခွန်စိုက်ဖလားရရှိခဲ့သော အ.ထ.က-ခွဲ (လေတပ်) အသင်းနှင့် ဗန်တိုအတိုက်အကောင်းဆုံး အမျိုးသားကစားသမားနှင့် အမျိုးသမီးကစားသမားဆုရရှိသူများအား ဆုဖလားနှင့်ဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်မာ့သိုင်းဗန်တိုအတိုက် ကျား/မ (၂၀-၂၅ ၊၂၅-၃၀ ၊ ၃၀-၃၅ ၊ ၃၅-၄၀ ၊ ၄၀-၄၅ ၊ ၄၅ -၅၀ ၊၅၀-၅၅) ကီလိုတန်း ကျား/မ နှင့် မြန်မာ့သိုင်း (၆၃) မောင်း အလှပြ ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကို ခရိုင်ပညာရေးမှူး ဦးကျော်နိုင်သွင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကို၊ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်း၊ မြို့နယ်လက်ဝှေ့ဆပ်ကော်မတီမှ တာဝန်ရှိသူများနှင့် အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၄) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂) ကျောင်းတို့မှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ (၂၈၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
သူရအောင်(နမ့်စန်)