မိုင်းရယ်မြို့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းရယ် နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုင်းရယ်မြို့မှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက နမ့်ရယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံဦးမြင့်ဦးက ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း (၃)ပိုင်းဖြင့် ဆောင်ရွက်ရမည့်အခြေအနေ၊ မိုင်းရယ်မြို့နယ်သည် ရွေးကောက်ပွဲ အပိုင်း(၂) တွင် ကျင်းပပြုလုပ်မည်ဖြစ်၍ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ လက်ခံခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ နေရာချထားခြင်းနှင့် ကိုင်တွယ်အသုံးပြုရမည့် အခြေအနေများ၊ မဲပေးစက်တွင်ထည့်သွင်းမည့် SD ကတ်များအား ထည့်သွင်းရာတွင် ကျွမ်းကျင်သူနည်းပညာ အထောက်အကူပြုအဖွဲ့များဖြင့် အချိန်မီဆောင်ရွက်ရမည့် အခြေအနေများ၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားပြီးစီးမှုအခြေအနေများ၊ မဲစာရင်းတွင် မပါရှိ၍ ပုံစံ (၃) ဖြင့် လျှောက်ထားသည့်အခြေအနေများ၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါရှိသဖြင့် ကန့်ကွက်မှုအခြေအနေများ၊ ပုံစံ (၄-ဂ) ဖြင့် အချက်အလက်ပြင်ဆင်ရမည့်အခြေအနေများ၊ ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ် ပြင်ပရောက်ယာယီနေရပ်စွန့်ခွာသူများ ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ဖြင့် တောင်းဆို၍ မိမိတို့ရောက်ရှိရာဒေသ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၌ ကြိုတင်ဆန္ဒမဲပေးနိုင် သည့်အခြေအနေများ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာဆန္ဒမဲပေးနိုင်‌ရေး ဆောင်ရွက်ရမည့်အခြေအနေများ၊ မဲရုံမှူး ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများကို ရှင်းလင်းမှာကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးသည် သင်တန်းသို့ တက်ရောက်သင်ကြားသူများနှင့်အတူ သင်တန်းပို့ချနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များမှာကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၂၅၀)ဦး တက်ရောက်ခဲ့ပြီး နိုဝင်ဘာလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မိုင်းရယ်(ပြန်/ဆက်)