နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၇

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝန်း အမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် အမျိုးသမီးများ၏စွမ်းရည်များ၊ အရည်အသွေးများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသော်လည်း နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှုများ၊ စိန်ခေါ်မှုများကို ကြုံတွေ့နေရဆဲဖြစ်၍ ဥပဒေနဲ့မူဝါဒဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံအများအပြားတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တိုက်ဖျက်ရန် ပြဋ္ဌာန်းထားသည့် ဥပဒေများရှိသော်လည်း ဥပဒေကို လေးစားလိုက်နာမှုအားနည်းခြင်းနှင့် ခွဲခြားဆက်ဆံခြင်းဆိုင်ရာ လူမှုရေးစံနှုန်းများသည် သိသာထင်ရှားသည့်ပြဿနာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ဆောင်ပုဒ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုနှစ်အတွက် ဆောင်ပုဒ်သည် “အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး”"UNITE to End Digital Violence against All Women and Girls" :ဖြစ်ပြီး အဆိုပါဆောင်ပုဒ်၏အဓိက အလေးပေးလိုသောအချက်သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပေါ် အကြမ်းဖက်မှုရပ်တန့်ရန်အတွက် ကျူးလွန်သူကို ထိရောက်သည့်ပြစ်ဒဏ်ပေးခြင်း၊ အကြမ်းဖက်ခံရသူအမျိုးသမီးများအတွက် ဥပဒေဖြင့် အကာအကွယ်ရယူရန် တရားရေးဆိုင်ရာဝန်ဆောင်မှု၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းတို့ကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ နိုင်ငံအတွင်းရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေး၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကင်းဝေးစေရေးအတွက် ကုလသမဂ္ဂမှချမှတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်၏မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှ လျော့ကျကင်းဝေးစေရေး ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့်ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးအစီအစဉ်များဆောင်ရွက်ခြင်း၊ အကြမ်းဖက်ခံရသော အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် ကျန်းမာရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ၊ တရားရေးဆိုင်ရာ လိုအပ်သောဝန်ဆောင်မှုများကို တုံ့ပြန်ဖြည့်ဆည်းပေးခြင်း၊ လွယ်ကူစွာ တိုင်ကြားနိုင်သည့် စနစ်များနှင့် ယာယီခိုလုံရာ နေရာများတည်ထောင်ပေးခြင်း၊ အကြမ်းဖက်ခံရသော အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များကို ပြန်လည်ထူထောင်ရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးခြင်းလုပ်ငန်းစဉ်များကို အမျိုးသမီးကော်မတီဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် Video Clipကို ပြသခြင်း၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းမှ သားငယ်၊ သမီးငယ်များနှင့် နေပြည်တော်ကလေးပြုစုရေးဌာနမှ သမီးလေးများမှ Fitness Dance ဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ချီးမြှင့်ငွေများပေးအပ်သည်။

ယင်းနောက် နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ထွန်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)