ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦး လားရှိုးမြို့တွင် ဖွင့်လှစ်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

လားရှိုး နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တွဲပြည်နယ်၊ ခရိုင်၊ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ လားရှိုးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူများ တက်‌ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်ရမည့်အခြေအနေ၊ မဲရုံမှူး ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ ဆောင်ရွက်ရမည့် တာဝန်နှင့်လုပ်ပိုင်ခွင့် အခြေအနေ၊ ဒုတိယကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားပြီးစီးမှုအခြေအနေ၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ဆောင်ရွက်ထားမှု အခြေအနေ၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား လက်ခံခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ နေရာချထားခြင်းနှင့် ကိုင်တွယ်အသုံးပြုရမည့် အခြေအနေများ၊ ကြိုတင်မဲပေးခြင်းဆိုင်ရာကိစ္စရပ်များနှင့် ‌ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းမှာကြားခဲ့ပါသည်။ 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (‌မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက သင်တန်းပို့ချနေမှုအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့သည်။ အဆိုပါသင်တန်းအား နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၅၈ ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)