ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန်နှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်လျက်ရှိ

ကျောက်ပန်တောင်း နိုဝင်ဘာ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအသီးသီးတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများအား လုပ်ငန်းလမ်းညွှန်နှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်လျက်ရှိရာ၊ နိုဝင်ဘာ ၂၇ ရက်နေ့က ဒုတိယအသုတ်သင်တန်းကို သင်တန်းသား ဆရာ/ဆရာမ ၁၃၈ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အဆိုပါ မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများအား လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်ခြင်းကို နိုဝင်ဘာ ၂၅ ရက်နေ့က ပထမအကြိမ်အဖြစ် ၂ ရက်တာ သင်တန်းဖွင့်လှစ်ပေးခဲ့ပြီး၊ ယခုဒုတိယအကြိမ်ကို နိုဝင်ဘာ ၂၇ မှ ၂၈ အထိ ၂ ရက်တာ ဖွင့်လှစ်နေခြင်းဖြစ်ကြောင်းနှင့် တတိယအကြိမ်ကို နိုဝင်ဘာ ၂၉ မှ ၃၀ ရက်နေ့အထိ ၂ ရက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်မျိုးနိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးဇင်မောင်မောင်တို့က မဲရုံမှူး၊ ဒုတိယမဲရုံမှူး များလုပ်ငန်းလမ်းညွှန်ဆိုင်ရာများနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း များကို ရှင်းလင်းပြသကြပြီး၊ သင်တန်းသား/ သင်တန်းသူ ဆရာ/ဆရာမများ ကိုယ်တိုင်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း နှင့် ကိုယ်တိုင်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းများကို သုံးကြိမ်ခွဲ၍ ပြုလုပ်ခြင်းဖြစ်ပြီး၊ ပထမအကြိမ်တွင် ၁၃၈ ဦး၊ ဒုတိယအကြိမ်တွင် ၁၃၈ ဦးနှင့် တတိယအကြိမ်တွင် ၁၄၄ ဦး ဖြင့် စုစုပေါင်း ၄၂၀ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်းသိရပြီး၊ သင်တန်းဖွင့်လှစ်ပို့ချမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများက လိုအပ်သည်များကို ကြီးကြပ်ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

နေအောင် (ပြန်/ဆက်)