နမ့်စန်(တ) နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မဲရုံမှူးနှင့် ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ပို့ချခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)သရဖီခန်းမတွင်ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့် ဝန်ထမ်းများ၊ မဲရုံမှူးနှင့် ဒုမဲရုံမှူးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ပို့ချခြင်းသင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များအား ကြည့်ရှု၍ စမ်းသပ်မဲပေးခြင်းများ လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ပို့ချခြင်းသင်တန်းကို နိုဝင်ဘာလ ၂၈ ရက်နေ့ထိဖွင့်လှစ်၍ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ မဲရုံဖြည့်သွင်းရမည့်ပုံစံများ၊ မဲရုံပုံစံခင်းကျင်း၍ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာများကို သင်ကြား ပို့ချသွားမည်ဖြစ်ပြီး နမ့်စန်မြို့နယ်အတွင်းရှိ မဲရုံ(၇၈)ရုံမှ မဲရုံမှူးနှင့်ဒုမဲရုံမှူး စုစုပေါင်း(၁၅၆)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)