မြစ်သားမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်း(ဒုတိယအကြိမ်) ဆက်လက် ကျင်းပ

မြစ်သား နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ(ဒုတိယအကြိမ်) လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးမိုး‌ဇော်က လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ ပြစ်မှုပြစ်ဒဏ်နှင့် ရဲရေးပိုင်မှုကိစ္စရပ်များအား မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များကို  ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသား ဆရာ/ဆရာမများက သိရှိလိုသည်များ ပြန်လည်‌‌မေးမြန်း‌ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မိုးမိုးက မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်များနှင့်ပတ်သက်၍  MEVM မဲပေးစက်လုပ်ငန်းစဉ် အဆင့်ဆင့်ကိုသိရှိပြီး မဲဆန္ဒရှင်ပြည်သူများ ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေးနှင့် MEVM မဲ‌ပေးစက်ဖြင့် မဲ‌ပေးရာတွင် ထိန်းချုပ်စက်ကိုင်တွယ်သူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအကြောင်း Power Point ဖြင့် အ‌သေးစိတ် ရှင်းလင်းပြောကြားခဲ့‌သည်။ အဆိုပါ ဒုတိယအကြိမ်သင်တန်းကို နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်အထိ နှစ်ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလမ်းညွှန်သင်တန်းသို့ မြို့နယ်ဥပဒေအရာရှိ ဦးမိုး‌ဇော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ယဥ်မွန်ဖိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် စုစုပေါင်း (၁၉၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)