မဟာအောင်မြေ နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရတနာပုံခန်းမ၌ မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်း နှစ် (၁၀၀) ပြည့် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ တိုင်းတရားသူကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီးဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း (၁၂၅၀ ) ဦးခန့် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မန္တလေးမြို့မအပျော်တမ်း တူရိယာအသင်း နှစ်(၁၀၀)ပြည့် အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊တိုင်းတရားသူကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ မြို့မအပျော်တမ်းတူရိယာအသင်းဥက္ကဋ္ဌ ဦးလှခိုင်၊ ဒုဥက္ကဋ္ဌ ဦးခင်မောင်ဆွေတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားအား မြို့မအဖွင့်တီးလုံးဖြင့် ဧည့်ခံပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့မအပျော်တမ်းတူရိယာအသင်းဥက္ကဋ္ဌ ဒေါက်တာလှခိုင်မှလည်း မြို့မအသင်းကြီးအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့မအပျော်တမ်းတူရိယာအသင်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းတင်၊ တိုင်းတရားသူကြီးချုပ် ဒေါ်လှမြင့်တို့မှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး မြို့မအပျော်တမ်းတူရိယာအသင်း အတွင်းရေးမှူးဟောင်း တေးသံရှင် သန်းမြတ်စိုး၊ မြို့မအပျော်တမ်း တူရိယာအသင်းမောင်မယ်များမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စီစဉ်တင်ဆက်ခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း