နမ့်စန်မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချ

နမ့်စန်(တ)  နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မဲရုံမှူးနှင့်ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)သရဖီခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့်ဝန်ထမ်းများ၊ မဲရုံမှူးနှင့်ဒုမဲရုံမှူးများ တက်ရောက်ခဲ့ကြသည်။

 ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ပို့ချခြင်းသင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအားကြည့်ရှု၍ စမ်းသပ်မဲပေးခြင်းများလက်တွေ့ လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ပို့ချခြင်းသင်တန်းကို နိုဝင်ဘာလ ၂၈ရက်နေ့ထိ ဖွင့်လှစ်၍ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ မဲရုံဖြည့်သွင်းရမည့်ပုံစံများ၊ မဲရုံပုံစံခင်းကျင်း၍ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာများကိုသင်ကြားပို့ချသွားမည်ဖြစ်ပြီး နမ့်စန်မြို့နယ်အတွင်းရှိ မဲရုံ(၇၈)ရုံမှ မဲရုံမှူးနှင့်ဒုမဲရုံမှူး စုစုပေါင်း(၁၅၆)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)