နေပြည်တော်ကာင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၇

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မဲရုံပေါင်း (၆၂၆) ရုံ လျာထားပြီး မဲဆန္ဒရှင် ပြည်သူများမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပါ‌ကြောင်းနှင့် နေပြည်တော် (၈) မြို့နယ်ရှိ ရပ်ကွက် / ကျေးရွာအုပ်စုပေါင်း (၂၄၅)တွင် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ဝင် (၁၈၈၃) ဦးဖြင့် ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် အသုံးပြုမည့်မဲပေးစက်များကို ကိုင်တွယ်ထိန်းသိမ်းမည့် မဲရုံအဖွဲ့ဝင်များသည် အဓိကကျသည့်အတွက် နေပြည်တော် (၈)မြို့နယ်တွင် မဲပေးစက် ကိုင်တွယ်ထိန်းသိမ်းအသုံးပြုနည်း သင်တန်းကို သင်တန်းသား (၁၄၉၃) ဦး ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းများဖြစ်သည့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲသင်တန်းနဲ့ မဲရုံမှူး၊ ဒု-မဲရုံမှူး သင်တန်းများကိုလည်း နိုဝင်ဘာလအတွင်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါ‌ကြောင်း၊ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၁၄ ရက် အကြာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ နှင့် ကျေးရွာများအထိ မဲစာရင်းကို ကပ်ထားကြေညာ ပေးသွားမည်ဖြစ်ပြီး ယခုကြေညာလျက်ရှိသော မဲစာရင်းများတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအသီးသီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မဲစာရင်းတွင်ပါဝင်ခြင်း ရှိ/မရှိ ကြည့်ရှုစေရေး တာဝန်ရှိသူများက တိုက်တွန်းပြောကြားရန်လိုကြောင်း၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးသည် အရေးကြီးတဲ့လုပ်ငန်းစဉ်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးရဖို့အတွက်လည်း အဓိက ဆောင်ရွက်ရမှာဖြစ်ပါ‌ကြောင်းနှင့် နေပြည်တော်အတွင်း မဲစာရင်းမှန်ကန်ရေးအတွက် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)