စီမံကိန်းသီးနှံနေကြာစိုက် သမဝါယမအသင်းသား တောင်သူများသို့ မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်

ညောင်ရွှေ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ ဆောင်းနေကြာစိုက် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် သမဝါယမအသင်းစု အစည်းဝေးခန်းမတွင်ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလှထွဏ်းက မျိုးနှင့်သွင်းအားစုပေးအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ညောင်ရွှေမြို့နယ်ရှိ နေကြာစိုက်သမဝါယမအသင်းများသို့ Suryakiran နေကြာမျိုးနှင့် သွင်းအားစုမြေသြဇာများကို ပြည်နယ်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ ညောင်ရွှေမြို့နယ်တွင် သမဝါယမအသင်း ၁၀ သင်းမှ နေကြာစိုက်ဧက ၁၇၀၀ လျာထား စိုက်ပျိုးလျက်ရှိကြောင်း၊ မျိုးနှင့်သွင်းအားစုလိုအပ်သော သမဝါယမအသင်း သုံးသင်းမှ အသင်းသားတောင်သူ (၁၃၄) ဦး၏ ဆောင်းနေကြာစိုက်ဧက (၆၄၆) ဧကအတွက် တစ်ဧကလျှင် (၂) ဒဿမ (၅)သိန်းနှင့် ညီမျှသော မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)