နမ့်စန်(တ) နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရပ်ကွက်နှင့်ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၂ နာရီက အမှတ်(၅)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက မဲပေးစက်အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်မျိုးမျိုးအောင်က ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာအီလက်ထရောနစ်စက်ဖြင့် မဲပေးရခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများက တက်ရောက်လာကြသော ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများကို မြန်မာအီလက်ထရောနစ်စက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းအား လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ရာသို့ အမှတ်(၅)ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူ စုစုပေါင်း (၁၅၀)ဦးခန့် လာရောက်၍ စမ်းသပ်မဲပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)