မိုင်းဆတ်မြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်

မိုင်းဆတ် နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းလွင်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်ချက်များကို ကောင်းစွာလေ့လာပြီး ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဂရုစိုက်ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

မိုင်းဆတ်မြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၆)အုပ်စုရှိရာ အဆိုပါရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း(၃၅)ခုတွင် မဲရုံပေါင်း(၇၀)ဖွင့်လှစ်သွားမည်ဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းတက်ရောက်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး(၁၄၀)ဦးအား  နိုဝင်ဘာ ၂၆ မှ ၂၇ ရက်နေ့အထိလည်းကောင်း၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား နိုဝင်ဘာ ၂၈ ရက်နေ့တွင်လည်းကောင်း လုပ်ငန်းလမ်းညွှန်ချက်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)